ပြည်ပသတင်းများ

လွတ်လပ်သည့်ကုန်သွယ်ရေးဇုန် (၂၁) ဇုန်ရှိလာသည့် တရုတ် နိုင်ငံ

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီက ပေကျင်း၊ ဟူနန်နှင့် အန်းဝေမြို့များတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန် (၃) ဇုန် ထပ်မံခွင့်ပြုလိုက်သဖြင့် ယခုအချိန်တွင် တရုတ်နိုင်ငံ တစ်ဝှမ်း၌ စုစုပေါင်းလွတ်လပ်သော ကုန်သွယ်ရေးဇုန် (၂၁) ဇုန် ရှိသွားပြီဖြစ်ပါသည်။ ၎င်းဇုန်များ က တရုတ်နိုင်ငံ၏ ပိုမိုနက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် အရည်အသွေးမြင့် ဖွံ့ဖြိုးမှုကို မြှင့်တင်သွားရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အဆင့်မြင့် စက်မှုကုန်ထုတ်လုပ်မှုနှင့် ဒေသတွင်းဆိုင်ရာ ပေါင်းစည်းရေးတို့ကို အာရုံထားလျက် ပိုမိုတံခါးဖွင့်ပေးရေးတို့အတွက် ထပ်မံ ဖြေလျှော့ဆောင်ရွက်သွားမည်ဟု သိရပါသည်။

ယခုကဲ့သို့ ဇုန် (၃) ဇုန် ထပ်မံခွင့်ပြုပေးလိုက်ခြင်းမှာ စက်မှုကုန်ထုတ်လုပ်မှုနှင့် ကုန်စည် ထောက်ပံ့မှုကွင်းဆက်များ စိတ်ချလုံခြုံစေရေးနှင့် တည်ငြိမ်ရေးသေချာစေရန်နှင့် အဆင့်မြင့် တံခါးဖွင့်ပေးမှုများကို ထပ်ချပ်မကွာ ဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုကို ပြသခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Wang Shouwen  က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်နှင့် ကုန်သွယ်ရေးနှင့် ဒေသတွင်းဆိုင်ရာ ပေါင်းစည်းရေးကို မြှင့်တင်ရန် ၎င်း၏ပထမဆုံး လွတ်လပ်သည့်ကုန်သွယ်ရေး ဇုန်ကို ရှန်ဟိုင်းမြို့တွင် ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းနောက် ကမ်းရိုးတန်း တလျှောက် တည်ရှိသည့် ဖူကျန်းနှင့် ကွမ်တုန်းပြည်နယ်များနှင့် ကုန်းတွင်းပိုင်း၌တည်ရှိသော ရှန်းရှီးနှင့် စီချွမ်းပြည်နယ်များအပါအဝင် မတူညီသည့်နေရာများ၌ ဇုန်ပေါင်း (၂၀) ကို တည်ထောင် လာခဲ့ပါသည်။

ပေကျင်းရှိ လွတ်လပ်သော ကုန်သွယ်ရေးဇုန်မှာ (၁၁၉.၆၈) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး သိပ္ပံနှင့် နည်းပညာတီထွင်ဆန်းသစ်မှု၊ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဝန်ဆောင်မှု များ၊ အဆင့်မြင့်လုပ်ငန်းများပါဝင်ပါမည်။ ၎င်းဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား များကို တရုတ်နိုင်ငံသားများနှင့် တန်းတူထားဆက်ဆံမည်ဖြစ်ပြီး၊ ကုန်သွယ်မှု ဝင်ရောက်ခွင့်ကို တိုးတက်စေလျက်၊ ဘေကျင်း – တီရန်ကျင်း – ဟာဘေဒေသတွင် အခြေအနေပေါ်မူတည်၍ ဝန်ဆောင်မှု ကုန်သွယ်ရေးကန့်သတ်ထားသည်များကို ဖြေလျှော့ပေးသွားမည်ဟု ပေကျင်း ဒုတိယမြို့တော်ဝန် Yang Jinbai က ပြောကြားထားပါသည်။

ဟူနန်နှင့် အန်းဝေပြည်နယ်များရှိ လွတ်လပ်သော ကုန်သွယ်ရေးဇုန်များမှာ (၁၁၉.၇၆) စတုရန်းကီလိုမီတာနှင့် (၁၁၉.၈၆) စတုရန်းကီလိုမီတာ အသီးသီး ကျယ်ဝန်းမည်ဖြစ်ပါသည်။ ဟူနန်ပြည်နယ်ရှိဇုန်မှာ ပြည်ပမှ တိုက်ရိုက်လာရောက်ရင်းနှီးမြှုပ်နှံမှုများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။ ၎င်းဇုန်တွင် ပို့ကုန်ဉီးစားပေး စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးစီမံကိန်းများနှင့် ဝန်ဆောင်မှုပေးသူများအတွက် မူဝါဒအသစ်ဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် အာဖရိကနိုင်ငံများနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင် ပါရှိသည့်နိုင်ငံများအား ဉီးစားပေးသွားမည်ဖြစ်ကြောင်း  ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး He Baoxiang က ထုတ်ဖော်ပြောကြားပါသည်။

ရန်ဇီမြစ်ဝှမ်းတွင် တည်ရှိသော အန်းဝေ FTZ ကမူ  ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် အဆင့်မြင့် စက်မှုကုန်ထုတ်လုပ်မှုများ၊ ဆားကစ်ပြားထုတ်လုပ်မှုများ၊  ဉာဏ်ရည်တု (AI) နည်းပညာအသုံး ပြုသည့်လုပ်ငန်းများ၊ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းများကို ဉီးစားပေးမြှင့်တင်သွား မည်ဟု အန်းဝေ၏ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Zhang Xi က ပြောကြားပါသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ကြီးမားသော ပြည်တွင်းဈေးကွက်အား အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိချိန်တွင် တစ်ကမ္ဘာလုံးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာ၌ ရင်းမြစ်များကို ထိရောက်စွာ ခွဲဝေအသုံးပြုရေးမြှင့်တင်ရန် လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ၏ အခန်းကဏ္ဍ က များစွာ အရေးပါလိမ့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ http://www.newsgd.com  (၂၂-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading