ပြည်ပသတင်းများ

အာဆီယံနိုင်ငံများနှင့် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များ အားကောင်းလာသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ

တရုတ်နိုင်ငံအနောက်ပိုင်း အပြည်ပြည်ဆိုင်ရာကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တွင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအား စုစုပေါင်းပမာဏ ယွမ်ငွေ (၁၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံ) တန်ဖိုးဖြင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့တွင် တည်ထောင်လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ (၁၈)ရက်နေ့တွင် ကျင်းပခဲ့သောအစည်းအဝေး၌ ဒေသတွင်းဘဏ္ဍာရေးဆိုင်ရာကြီးကြပ်မှုဗျူရို၏ ညွှန်ကြားရေးမှူး Fan Shixiang က ကြေငြာလိုက်ပါသည်။

ပုဂ္ဂလိက အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအား ကွမ်ရှီးရင်းနှီးမြှုပ်နှံမှု အုပ်စုနှင့် စင်ကာပူမှ UOB Venture Management Private Limited တို့အပါအဝင် မိတ်ဖက်များမှ ပူးပေါင်း စတင်ခဲ့ခြင်းဖြစ်ကာ၊ ၎င်းရန်ပုံငွေမှာ နိုင်ငံစုံ မတည်ငွေရင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကြားခံ နေရာ(platform) ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ပုဂ္ဂလိက အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ကို အငှားယာဉ် မျှဝေအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေ သည့် စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီဖြစ်သော Grab ကဲ့သို့ လုပ်ငန်းများ၏ အစုရှယ်ယာ ပိုင်ဆိုင်မှုဖြင့် စတင်ထားပါသည်။

အာဆီယံအတွက် ကွမ်ရှီးက တံခါးဖွင့်ပေးထားသော ဘဏ္ဍာရေးဆိုင်ရာ ဝင်ပေါက်အဖြစ် တည်ဆောက်ရန် ၂၀၁၈ ခုနှစ်မှ စတင်အတည်ပြုပြီးကတည်းက အာဆီယံနှင့် ကွမ်ရှီးတို့မှာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များကို ပြုလုပ်ခဲ့ကြပါသည်။

ကွမ်ရှီးသည် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားကဲ့သို့သော အာဆီယံနိုင်ငံများမှ ဘဏ် များနှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို တည်ထောင်ထားပါသည်။ ထို့ပြင် ၎င်းဒေသမှာ ယွမ်ငွေကြေးနှင့် ကမ္ဘောဒီးယားငွေကြေးဖြစ်သည့် ရီယယ်လ်တို့ကို ပထမဆုံးအကြိမ် ပြည်တွင်းဘဏ်အချင်းချင်း အရောင်းအဝယ်ပြုရာတွင် ပါဝင်ဆောင်ရွက်ရန်  တရုတ်နိုင်ငံအတွင်း နိုင်ငံခြားဘဏ်များအား မိတ်ဆက်ပေးရာတွင် အစောဆုံးပြုလုပ်ပေးခဲ့သည့် ဒေသလည်းဖြစ်ပါ သည်။ ယခုနှစ် ပထမ (၇) လတွင်း ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများအကြား  ယွမ်ငွေဖြင့် ပေးချေမှု များနှင့် လက်ခံရရှိမှုများမှာ ယွမ်ငွေနှင့် နိုင်ငံခြားငွေကြေးများအကြား ပေးချေမှုနှင့် လက်ခံရရှိမှု စုစုပေါင်း၏ (၆၀.၅၈) ရာခိုင်နှုန်းခန့်ရှိပါသည်။

သြဂုတ်လအတွင်း တရုတ်-မလေးရှား ချင်းကျိုးစက်မှုဇုန်တွင် ဘဏ္ဍာရေးဆိုင်ရာ တီထွင် ဆန်းသစ်မှုများ အကောင်အထည်ဖော်ရေးအတွက် ကွမ်ရှီးကခွင့်ပြုချက်ရရှိခဲ့ပြီး၊ ပထမဆုံးအသုတ် လုပ်ငန်းများအတွက် စာချုပ်များအား ဗွီဒီယိုကွန်ဖရင့်မှတဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

အာဆီယံနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု စတင်ဖွင့်လှစ်ပေးစဉ်အတွင်း ဘဏ္ဍာရေး ဆိုင်ရာကျွမ်းကျင်သူများနှင့် စဉ်းစားတွေးခေါ်နိုင်သည့် ဝန်ဆောင်မှုများအတွက် လိုအပ်သော လူ့စွမ်းအားရင်းမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စက်တင်ဘာလဆန်းတွင် ကွမ်ရှီး တက္ကသိုလ်၌ တရုတ်-အာဆီယံဘဏ္ဍာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးတက္ကသိုလ်ကို ဖွင့်လှစ် ခဲ့ပါသည်။

နိုင်ငံဖြတ်ကျော်ငွေပေးချေမှုများ၊ သိပ္ပံနှင့် နည်းပညာ ဘဏ္ဍာရေး၊ ကုန်စည်ထောက်ပို့ သယ်ယူပို့ဆောင်ရေးဘဏ္ဍာရေး၊ ကုန်သွယ်မှုဘဏ္ဍာရေးစသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းခိုင်မာစေရန် အာဆီယံအတွက် တံခါးဖွင့်ပေးထားသော ဘဏ္ဍာရေး ဆိုင်ရာ တံခါးပေါက်အတွက် မူဝါဒများနှင့် ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံ အတွက် မူဝါဒများအကြား ဆုံတွေ့နိုင်စေရေး ကွမ်ရှီးက ဆက်လက်တွန်းအားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၉-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading