ပြည်ပသတင်းများ

ကြက်သွန်နီ ပြည်ပတင်ပို့မှုအား အိန္ဒိယအစိုးရက တားမြစ် ကန့်သတ်လိုက်ခြင်း

အိန္ဒိယနိုင်ငံ၊ မဟာရတ္ထပြည်နယ်၊ နာရှစ်ခရိုင်ရှိ အဓိက ကုန်စည်ဒိုင်ကြီးများ၌ ကြက်သွန်နီ လက္ကားဈေးနှုန်းများမှာ ရက်သတ္တနှစ်ပတ်အတွင်း နှစ်ဆမျှ မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပို့ကုန်မူဝါဒဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၁၅-၂၀ ကို ၁၄-၉-၂၀၂၀ နေ့၌ ထုတ်ပြန်၍ တန်ဖိုးမြှင့်ပြုပြင်ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီအမျိုးအစားများအားလုံးကို ပြည်ပသို့ တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်လိုက်ပါသည်။

အိန္ဒိယနိုင်ငံရှိပြည်နယ်အချို့တွင် ဩဂုတ်လနှောင်းပိုင်းကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ခြင်း၊ မုတ်သုန်ဆုတ်ခွာမှုနောက်ကျ ခြင်းကြောင့် ရိတ်သိမ်းချိန်ရာသီ၌ ပတ်ဝန်းကျင်စိုထိုင်းဆ မြင့်မားခြင်းတို့က မိုးသီးနှံ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှု လျော့ကျလျက် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများ မြင့်တက်မှုကို ဖြစ်ပေါ်စေ ဖွယ်ရာရှိနေပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာနာတကာပြည်နယ်နှင့် အန္တရာပရာဒေ့ရှ်ပြည်နယ်တို့၌ မိုးဦး ကာလ၌ စိုက်ပျိုးသည့် ကြက်သွန်နီများမှာ ရိတ်သိမ်းချိန်ကာလတွင် ရေကြီးမှုများကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၎င်းဒေသများ မှ ထွက်ရှိသည့် ကြက်သွန်နီများအား ပြည်တွင်းရှိ ဈေးကွက်များသို့ တင်ပို့လေ့ရှိသော်လည်း ယခုနှစ်၌ သိုလှောင်ထားရှိသည့် မိုးကြက်သွန်နီများ၏ ၃၀% မှ ၄၀% အထိ ပျက်စီးခဲ့သဖြင့် ထုတ်လုပ်မှုကွင်းဆက်ကို ပျက်ယွင်းမှုဖြစ်စေခဲ့ကြောင်းဖြင့် IndiaTimes သတင်းဌာနက ဖော်ပြ ပါသည်။

သို့ရာတွင် မဟာရတ္ထပြည်နယ်ရှိ ကြက်သွန်နီ ကုန်သည်များကမူ အဆိုပါပြည်နယ် နှစ်ခု၌ ထုတ်လုပ်မှုလျော့ကျသော်လည်း ပြည်တွင်း၌ ဈေးကွက်လိုအပ်ချက်ကို ဖြည်ဆည်းပေးရန် လုံလောက်သည့် ပမာဏရှိကြောင်း၊ ကြက်သွန်နီလက္ကားဈေးနှုန်းမြင့်တက်သည်ဟု ဆိုရာတွင် နာရှစ်ဒေသရှိ Pimpalgaon ဈေးကွက်၌သာ မြင့်တက်ခြင်းဖြစ်ကြောင်း၊ ဒေလီမြို့တော်ဈေးကွက်၌ နာရှစ်ဒေသထွက်ကြက်သွန်နီ၏ ဈေးနှုန်းမှာ မူလဒေသ၌ ရောင်းဈေးထက်ပင် နိမ့်ကျနေသည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့လက္ကားဈေးနှုန်းမြင့်တက်မှုမှာ ကုန်သည်အချို့၏ သိုလှောင်ဈေးကစား မှုများကြောင့်သာဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။

ဗဟိုအစိုးရက ကြက်သွန်နီပြည်ပတင်ပို့မှုအား တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့မှုအပေါ် ၁၆-၉-၂၀၂၀ နေ့တွင် မဟာရတ္ထပြည်နယ်ရှိ မြို့ကြီးများ၌ ဒေသခံကုန်သည်များက ဆန့်ကျင်ဆန္ဒ ပြမှုများကို ပြုလုပ်ခဲ့ကြပြီး  ဝန်ကြီးချုပ် Mr. Uddhav Thackeray က ၎င်းအနေဖြင့် ကြက်သွန်နီ ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းအား ပြန်လည်ဖယ်ရှားပေးရန် ဗဟိုအစိုးရထံသို့ စာရေးသား ပေးပို့တောင်းဆိုမည်ဖြစ်ကြောင်းဖြင့် ထိုနေ့တွင် ကျင်းပသည့် မဟာရတ္ထပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေး၌ ပြောဆိုပါသည်။ ပြည်ပတင်ပို့မည့် ကြက်သွန်နီတန်ချိန် ၄ သိန်းခန့်မှာ မွန်ဘိုင်း မြို့ရှိ ဂျဝါဟာလာနေရူး ဆိပ်ကမ်း၌ ဆိုင်းငံ့ထားရပြီး နီပေါနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနီးရှိ နယ်စပ်ဂိတ်များတွင်လည်း ကြက်သွန်နီကုန်တင်ကား အစီးရေ ၅၀၀ ခန့်မှာ ပိတ်မိနေသည်ဟု မဟာရတ္ထပြည်နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Eknath Shinde က ပြောကြားကြောင်း EconomicTimes သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယအစိုးရ၏ ကြက်သွန်နီပြည်ပတင်ပို့မှု တားမြစ်သည့် အမိန့်ထုတ်ပြန်ပြီးခဲ့နောက်  ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများမှာ ၅၀% ကျော် မြင့်တက်ခဲ့ကြောင်း၊ ဒါကာမြို့ တွင် ၁၄-၉-၂၀၂၀ နေ့၌ ကြက်သွန်နီ ၁ ကီလိုလျှင် တာကာငွေ ၆၀ ခန့်ရှိရာမှ နောက်တစ်ရက် တွင် တာကာငွေ ၉၀ မှ ၁၀၀ အထိ မြင့်တက်လာကြောင်း HinduBusinessline သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ အိန္ဒိယအစိုးရ၏ ပြည်တွင်း၌ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက် ချက်မှာ မလေးရှား၊ နီပေါနှင့် သီရိလင်္ကာတို့ကဲ့သို့ အိန္ဒိယမှ ကြက်သွန်နီတင်သွင်းနေရသည့် နိုင်ငံ များရှိ ဈေးကွက်များသို့လည်း သက်ရောက်ဖွယ်ရာရှိနေပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:     1.   Onion prices spike in Bangladesh after India bans exports, 15 Sept 2020, TheHindu Businessline

  1. Traders claim higher prices of onion could be a result of manipulation, 15 Sept 2020,EconomicTimes
  2. Onion Prices Have Risen So Much That Govt Has Banned All Exports,15 Sept 2020, IndiaTimes
  3. Maharashtra government to write to Centre for onion export ban roll-back, 16 Sept 2020,EconomicTimes

Loading