ပြည်ပသတင်းများ

စင်ကာပူ စားသောက်ကုန်အေဂျင်စီက စိုက်ပျိုးရေးလုပ်ငန်း (၉) ခုကို စင်ကာပူဒေါ်လာသန်း ၄၀ နီးပါးအထိ ထောက်ပံ့ ကြေးပေး

စင်ကာပူနိုင်ငံ၏ အစားအစာ အဟာရလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကို ၂၀၃၀ ခုနှစ်ခန့် တွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိသော အစီအမံများအနက် “30×30 Express Grant” အစီအစဉ်အရ စင်ကာပူစားသောက်ကုန်အေဂျင်စီ (Singapore Food Agency-SFA) သည် စိုက်ပျိုးရေးလုပ်ငန်း (၉) ခုကို စင်ကာပူဒေါ်လာ ၃၉.၄ သန်း ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဤထောက်ပံ့ကြေးအစီအစဉ်ကို အဆိုပြုလျှောက်ထားနိုင်သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှ မေလ ၂၉ ရက်အတွင်း အဆိုပြုလွှာ (၄၀) ကျော်ကို လက်ခံရရှိခဲ့ကြောင်း၊ အဆိုပြုလွှာများ အား စိစစ်အကဲဖြတ်ရာတွင် စီမံကိန်းကို အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင် မည့်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုပမာဏ၊ စီမံကိန်းအကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေ ရှိသော အခြေအနေ၊ စီးပွားရေးအရ တွက်ချေကိုက်မှုနှင့် လုပ်ငန်းများ၏ အောင်မြင်မှုများနှင့် စွမ်းဆောင်နိုင်မှုစသည့် အခြေအနေတို့အပေါ် ထည့်သွင်းစဉ်းစားဆုံးဖြတ်ပါကြောင်း၊ အဆိုပြုလွှာ တင်သွင်းလာခဲ့သော လုပ်ငန်းများအနက် (၉) ခုမှာ ထုတ်လုပ်မှုစွမ်းအားမြင့်မားသည့် စိုက်ပျိုးရေး နည်းစနစ်များကို အသုံးပြု၍ လာမည့် (၆) လမှ (၂) နှစ်အတွင်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု ပမာဏကို သိသိသာသာ တိုးတက်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ငွေကြေး ထောက်ပံ့ပေးရန် အတွက် SFA သည် မူလလျာထားသော စင်ကာပူဒေါ်လာသန်း ၃၀ မှ သန်း ၄၀ နီးပါးအထိ တိုးမြှင့်လျာထားခဲ့ရကြောင်း ဖော်ပြထားပါသည်။

လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှု ပမာဏတိုးတက်လာရေးအတွက် နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်များကို ကာမိစေရန် ဤအစီအစဉ် ဖြင့် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် ထောက်ပံ့ကြေးရရှိမည့် I.F.F.I လုပ်ငန်းသည် AI (မှတ်ဉာဏ်တု) နည်းပညာကို အသုံးပြု၍ အရွက်စားဟင်းရွက်များ၏ ကြီးထွားဖွံ့ဖြိုးမှုနှုန်းကို စောင့်ကြည့်လျက် တစ်နှစ်ပတ်လုံး အထွက်နှုန်းကောင်းမွန်စေရန်အတွက် ထိန်းချုပ်မှုစနစ်များ နှင့် ထွက်ကုန်များ၏ သက်တမ်းကြာရှည်ခံနိုင်မှုရှိရေး၊ ထွက်ကုန်များတွင် ပိုးမွှားပါဝင်မှု လျော့နည်း စေရေးအတွက် ဆန်းသစ်တီထွင်ထားသည့် ရေသန့်စင်စနစ်များကို ထည့်သွင်းအသုံးပြုဆောင်ရွက် မည့် နည်းပညာမြင့် အလုံပိတ်စိုက်ပျိုးရေးခြံကြီးများကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် အဆောက်အဦများ၏ အမိုးပေါ်၌ ပထမဆုံး စိုက်ပျိုးသောလုပ်ငန်း ComCrop သည်လည်း နောက်ထပ် စတုရန်းမီတာ ၂၀၀၀ အကျယ်အဝန်းရှိသည့် ခြံကို အလိုအလျောက် စနစ်များ ထည့်သွင်းအသုံးပြု၍ တည်ဆောက်သွားမည်ဖြစ်သဖြင့် ၎င်း၏ လက်ရှိတစ်နှစ်လျှင် အရွက်စားဟင်းရွက်ထုတ်လုပ်မှု ပမာဏတန်ချိန် ၂၀ မှ ၂၀၀ အထိ တိုးမြှင့် ထုတ်လုပ်သွားနိုင် မည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့တွင် ရာသီဥတုဖောက်ပြန်မှု၊ ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ယခုကဲ့သို့ ကိုဗစ်ရောဂါဖြစ်ပွားသော အချိန်ကာလ များတွင် ပြည်တွင်းစိုက်ပျိုးရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန် ပို၍ပင် အရေးကြီးကြောင်းနှင့် သို့မှသာ စင်ကာပူနိုင်ငံ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ စားသုံးသူများ အနေဖြင့်လည်း ပြည်တွင်း ထွက်ကုန်များကို ဝယ်ယူစားသုံးကြစေလိုကြောင်း SFA က တိုက်တွန်းနှိုးဆော်ထားပါသည်။

သတင်းရင်းမြစ် ။   Singapore Food Agency/ The Straits Times

မြတ်နိုး၊ စီးပွားရေးသံမှူး

စင်ကာပူ

Loading