ပြည်ပသတင်းများ

ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် မဟာဗျူဟာ မြောက်စီးပွားရေးအမှီအခိုကင်းမှုကို အီးယူရည်ရွယ်ချက် ထားရှိ

ဆေးဝါးများနှင့် အခြားစက်ပစ္စည်းအစိတ်အပိုင်းများ ကဲ့သို့သောထုတ်ကုန်များ ထုတ်လုပ်မှုတွင် ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံများအပေါ် မှီခိုရနေရခြင်းကြောင့် ဥရောပသမဂ္ဂ ၏စီးပွားရေးကို ပိုမိုအမှီအခိုကင်းသည့်ပုံစံအဖြစ် ပြန်လည်တည်ဆောက်သွားလိုကြောင်း ဥရောပ ကောင်စီဥက္ကဋ္ဌ Charles Michel က ဘရပ်ဆဲလ်စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပြီး၊ မရှိမဖြစ် အရေးပါသော ထုတ်ကုန်များတွင် အီးယူ၏ မဟာဗျူဟာမြောက် အမှီအခိုကင်းမှုရရှိရေးသည် ရာစုနှစ်အတွက် အီးယူ၏ စီမံချက်များပင်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်းသိရသည်။

             အီးယူ၏ စက်မှုလုပ်ငန်းမဟာဗျူဟာသည် အမှီအခိုကင်းလွတ်မှုပိုမိုရရှိရေးကို အားပေး သွားမည်ဖြစ်ပြီး၊ နိုင်ငံသားများ၏ သာယာဝပြောမှုအတွက် လိုအပ်သော အရင်းအမြစ်များ အားလုံးကို ရရှိနိုင်မှုသေချာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မရှိမဖြစ် အရေးကြီးသော ထုတ်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကို အမှီအခိုကင်းစွာ ထုတ်လုပ် နိုင်ရေးလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

             ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆေးဝါးများနှင့် မော်တော်ကား ထုတ်လုပ်မှုလုပ်ငန်း များတွင် အသုံးပြုသော ကုန်ကြမ်းများ၏ (၈၀) ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် တရုတ် နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်း အများအပြားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပိတ်သိမ်းထားရပြီး နောက် ဥရောပစီးပွားရေး၏ ထုတ်လုပ်မှုကွင်းဆက်နှင့်ပတ်သက်၍ အီးယူနိုင်ငံများက စိုးရိမ် ပူပန်မှုရှိခဲ့ကြကြောင်းသိရသည်။ ဥရောပ၏ စီးပွားရေး မဟာဗျူဟာမြောက်စွာဖြင့် အမှီအခို ကင်းရေးမှာ မိမိတို့၏ ဘုံအကျိုးစီးပွားများအားလုံးအတွက် ရာစုနှစ် ဘုံစီမံကိန်းအသစ်တစ်ရပ် ဖြစ်ပြီး၊ ယင်းသည် မိမိတို့၏ နောင်မျိုးဆက်များအတွက် နံပါတ်တစ် ရည်မှန်းချက်လည်းဖြစ် သည်ဟု Charles Michel က ပြောကြားခဲ့ကြောင်း သိရသည်။

ရင်းမြစ် –  (ရိုက်တာ)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading