ပြည်ပသတင်းများ

အီးယူ၏ EBA ကုန်သွယ်မှုအကျိုးခံစားခွင့် တစ်စိတ် တစ်ပိုင်း ရုပ်သိမ်းမှုစတင်ခဲ့သဖြင့် ကမ္ဘောဒီးယား ပို့ကုန်များ အီးယူသို့တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့် ဆုံးရှုံးမည်

အီးယူမှ ကမ္ဘောဒီးယားနိုင်ငံအပေါ်ပေးအပ်ထားသည့် Everything But Arms (EBA)  ကုန်သွယ်မှုအကျိုးခံစားခွင့်အား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှု (partially withdrawal) အဖြစ် ဆောင်ရွက်ရန် အီးယူ၏ဆုံးဖြတ်ချက်သည် ၁၂-၈-၂၀၂၀ ရက်နေ့မှစတင်၍ သက်ရောက်မှုရှိခဲ့ သဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချုပ်ပြီးအထည်၊ ဖိနပ်နှင့် ခရီးသွားကုန်စည်အချို့သည် အီးယူ၏ အကောက်ခွန်နှုန်းထားများကို ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ အီးယူမှ ပေးအပ်သည့်  အဆိုပါ EBA ကုန်သွယ်မှုအကျိုးခံစားခွင့်အား ကမ္ဘောဒီးယားနိုင်ငံအပေါ် ယာယီရုပ်သိမ်းခြင်းဖြစ်ကြောင်းနှင့် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများအတွက် ကမ္ဘောဒီးယား နိုင်ငံနှင့် ထိတွေ့ဆောင်ရွက်မှုကို အီးယူက တံခါးဖွင့်ထားကြောင်း ဥရောပကော်မရှင်၏ ၁၂-၈-၂၀၂၀ နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့မှုအရ သိရသည်။

             EBA ကုန်သွယ်မှုအကျိုးခံစားခွင့်အား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှုကြောင့် အီးယူသို့ တင်ပို့သည့် ကမ္ဘောဒီးယားပို့ကုန်များ၏ (၂၀) ရာခိုင်နှုန်းခန့်အပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းပို့ကုန်များကို အီးယူသို့ ဆက်လက်တင်ပို့နိုင်မည်ဖြစ်သော်လည်း အီးယူမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအား ကောက်ခံသည့် ယေဘုယျအကောက်ခွန် နှုန်းဖြင့် တင်ပို့ရမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ အီးယူသို့ပို့ကုန်များ၏ ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းမှာမူ အီးယူဈေးကွက်သို့ အခွန်နှင့် ကိုတာကင်းလွတ်ခွင့် (duty-free, quota-free) အခွင့်အရေးများကို ဆက်လက်ခံစား၍ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (European External Action Service-EEAS) နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံနှင့် တိုးမြှင့်ထိတွေ့ဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  အီးယူသည် ကမ္ဘောဒီးယားနိုင်ငံ၏အခြေအနေ အထူးသဖြင့် ဆောင်ရွက်ဆဲပြုပြင်ပြောင်းလဲရေး နယ်ပယ်များအား ဆက်လက်စောင့်ကြည့်အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်ရရှိမှုတို့အပေါ် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကို သတိပြုမိသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် စီးပွားရေးပြန်လည်နိုးထလာစေရေး ကမ္ဘောဒီးယားနိုင်ငံ၏ တုန့်ပြန်ကြိုးပမ်းမှုတွင် အကူအညီပေးရန် အီးယူက အဆင်သင့်ရှိကြောင်း ၎င်းထုတ်ပြန်ချက်အရ သိရသည်။

             ကမ္ဘာ့ဘဏ်၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ပို့ကုန်တင်ပို့မှု၏ (၂၅) ရာခိုင်နှုန်းခန့်ကို အီးယူသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွား ကုန်စည်များ (travel goods)၊ သကြား၊ အချို့သော ချုပ်ပြီးအထည်နှင့် ဖိနပ်ထုတ်ကုန်များ အပါအဝင် ပို့ကုန်အမယ်အချို့သည် အီးယူမှကောက်ခံသည့် အခွန်နှုန်းထားများကို ပေးဆောင် သွားရမည်ဖြစ်ကြောင်း၊ သိသာသော တိုးတက်မှုများရှိလာပါက ကမ္ဘောဒီးယားနိုင်ငံအား EBA ကုန်သွယ်မှုအကျိုးခံစားခွင့်များ အပြည့်အဝပြန်လည်ပေးအပ်ရေးကို တံခါးဖွင့်ထားသည်ဟု အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ပြောကြားခဲ့ကြောင်းသိရပါသည်။

ရင်းမြစ် –  (ဥရောပကော်မရှင်၊ Press release၊ ၁၂-၈-၂၀၂၀၊ https://asia.nikkei.com/)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading