ပြည်ပသတင်းများ

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှု ပြန်လည်တိုးတက်ခဲ့ သော်လည်း မျှော်မှန်းထားသည်ထက်လျော့နည်း

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် တိုးတက်မှုရှိခဲ့ သော်လည်း ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စံချိန်တင်ကျဆင်း ခဲ့သည့်အခြေအနေမှ ပြန်လည်နိုးထနိုင်မှုမှာ မျှော်မှန်းထားသည်ထက် နည်းပါးကြောင်းသိရသည်။ ယူရိုဇုန်၏ စက်မှုကုန်ထုတ်လုပ်မှု တိုးတက်ခဲ့ခြင်းမှာ မော်တော်ကားများနှင့် ရေခဲသေတ္တာများ ကဲ့သို့သော တာရှည်ခံ ကုန်စည်များထုတ်လုပ်မှုတွင် တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ယင်းမှာ ဥရောပ၌ COVID-19 ဆိုင်ရာ ကန့်သတ်ချက်များအား ဖြေလျှော့ခဲ့သဖြင့် စားသုံးသူ ယုံကြည်မှု အပိုင်းတွင် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း၊ သို့ရာတွင် လအလိုက်နှိုင်းယှဉ်ချက်အရ စက်မှုကဏ္ဍထုတ်လုပ်မှု၏ တိုးတက်မှုမှာ စီးပွားရေးပညာရှင်များ မျှော်မှန်းထားသည်ထက်နိမ့်ကျနေသေးပြီး၊ ကပ်ရောဂါအကျပ်အတည်းကာလမတိုင်မီ အဆင့်ထက် များစွာနည်းပါးကြောင်းလည်း သိရသည်။

             ယူရိုဇုန်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုမှာ ဇွန်လတွင် (၉.၁) ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ မေလတွင် တိုးတက်ခဲ့မှုမှာ (၁၂.၃) ရာခိုင်နှုန်း ရှိခဲ့ကြောင်း အီးယူ၏ စာရင်းအင်းအဖွဲ့ Eurostat ကဆိုသည်။ ဇွန်လတွင် ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှု (၁၀) ရာခိုင်နှုန်းတိုးတက်နိုင်မည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ပြန်လည် နာလန်ထူလာသည့် အခြေအနေမှ အလှမ်းကွာနေဆဲဖြစ်ကြောင်း၊ နှစ်အလိုက်နှိုင်းယှဉ်ချက်တွင်မူ ဧပြီလနှင့်မေလတို့ထက် လျော့နည်း၍ ကျဆင်းခဲ့သဖြင့် တဖြည်းဖြည်းချင်း ပြန်လည်နိုးထလာ သည့်အခြေအနေဖြစ်ကြောင်း၊ လအလိုက်နှိုင်းယှဉ်မှုအရ တာရှည်ခံကုန်စည်များထုတ်လုပ်မှုသည် (၂၀.၂) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကုန်စည်များထုတ်လုပ်မှုတွင်လည်း (၁၄.၂) ရာခိုင်နှုန်းဖြင့် သိသာစွာတိုးတက်ခဲ့ကြောင်း၊ စွမ်းအင်ထုတ်လုပ်မှုတွင် (၂.၆) ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး၊အဝတ်အထည်နှင့် စည်သွပ်အစားအစာကဲ့သို့သော စားသုံးကုန်စည်များ ထုတ်လုပ် မှုသည် (၄.၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းသိရသည်။

ရင်းမြစ်  –  (Reuters၊ Eurostat)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading