ပြည်ပသတင်းများ

COVID-19 ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၌ ဈေးဝယ်စင်တာများသို့ သွားရောက်သူနည်းသော်လည်း ပျမ်းမျှဝယ်ယူမှုတွင် ပိုများလာခြင်း

ဘယ်လ်ဂျီယံ၊ လူဇင်ဘတ် လက်လီနှင့် ဈေးဝယ်စင်တာကောင်စီ၏ အစီရင်ခံစာအရ ဇွန်လအတွင်း ဈေးဝယ်စင်တာများသို့ သွားရောက်သူဦးရေ (၇.၄) သန်းရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ချက်တွင် (၂၃.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ ဈေးဝယ်ထွက်သူအရေအတွက် ကျဆင်းရခြင်း၏ အဓိကအကြောင်းအရင်မှာ ကပ်ရောဂါကြောင့်ဖြစ်ပြီး၊ စတိုးဆိုင်များသို့ လာရောက် သည့် ဈေးဝယ်သူများသည် ပျမ်းမျှအားဖြင့် ဝယ်ယူမှုပိုများလာပြီး၊ အသုံးလိုအပ်သည့်ပစ္စည်းများ ကိုသာ ပိုမိုဝယ်ယူသည်ကို တွေ့ရှိရသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် ဇွန်လကုန်အထိ ဈေးဝယ်စင်တာ များနှင့် စတိုးဆိုင်များအတွင်းသို့ မိတ်ဆွေများ၊ မိသားစုများနှင့်အတူ အုပ်စုလိုက် ဝင်ရောက်ခွင့် မပြုခြင်းသည်လည်း ဈေးဝယ်သူအရေအတွက် ကျဆင်းရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်နိုင် ကြောင်း၊ ပြီးခဲ့သည့်မေလနှင့် နှိုင်းယှဉ်ပါက ဈေးဝယ်သူအရေအတွက် အနည်းငယ်တက်လာ သည်ကို တွေ့ရကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလနှင့် နှိုင်းယှဉ်မှုအရ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ဈေးဝယ် ထွက်သူအရေ အတွက် (၃၅.၀၈) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

အပန်းဖြေရည်ရွယ်ချက်ဖြင့် ဈေးဝယ်ထွက်မှု မတွေ့ရှိရဘဲ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူမှု (targeted shopping) ကိုသာ တွေ့ရကြောင်း ဘယ်လ်ဂျီယံ၊ လူဇင်ဘတ် လက်လီနှင့် ဈေးဝယ်စင်တာကောင်စီ၏ အထွေထွေမန်နေဂျာ Luc Plasman ကပြောကြားသည်။ ဘယ်လ်ဂျီယံ နိုင်ငံ၊ ဖက်ဒရယ်အစိုးရက ဈေးဆိုင်များနှင့် ဈေးဝယ်စင်တာများသို့ လာရောက်သူများအနေဖြင့် နှာခေါင်းစည်း (masks) မဖြစ်မနေ တပ်ဆင်ရမည့် စည်းကမ်းချက်ကို ၁၁-၇-၂၀၂၀ နေ့မှ စတင်၍ သတ်မှတ်ခဲ့သည်။ အဆိုပါ စည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာသည့် ဈေးဝယ်သူများသည် ပထမအကြိမ်အတွက် ယူရို (၂၅၀) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း၊ စည်းကမ်းမလိုက်နာမှု ဖြစ်ရပ်များကို ထပ်မံတွေ့ရှိရပါက ဒဏ်ကြေးအဖြစ် ယူရို (၄၀၀၀) အထိ ပေးဆောင်ရခြင်း (သို့မဟုတ်) ထောင်ဒဏ် (၃) ရက်မှ (၈)လအထိ အပြစ်ပေးနိုင်ကြောင်း သိရသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading