ပြည်ပသတင်းများ

ယူရိုဇုန်၏ စက်မှုကုန်ထုတ်လုပ်မှုတွင် ပြန်လည်တိုးတက်မှုမှာ မျှော်မှန်းထားသည်ထက် လျော့နည်း

ယူရိုဇုန်၏ မေလအတွင်း စက်မှုကဏ္ဍ ထုတ်လုပ်မှုမှာ တိုးတက်ခဲ့ပြီး၊ မတ်လနှင့် ဧပြီလ များအတွင်း ကန့်သတ်မှုအစီအမံများကြောင့် စံချိန်တင်ကျဆင်းခဲ့သည့် အခြေအနေမှ ပြန်လည် နိုးထမှုမှာမူ မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်းသိရသည်။ ယူရိုဇုန်၏ကုန်ထုတ်လုပ်မှု သည် မေလတွင် (၁၂.၄) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ မော်တော်ကားနှင့် ရေခဲသေတ္တာစသည့် တာရှည်ခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုတွင် မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အီးယူ၏ စာရင်းအင်းအဖွဲ့အစည်း Eurostat အရ သိရသည်။ သို့သော် စီးပွားရေးပညာရှင်များ ခန့်မှန်း ထားသည့် (၁၅) ရာခိုင်နှုန်းထက် လျော့နည်း၍ တိုးတက်ခဲ့ခြင်းဖြစ်သည်။

ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး၊ စက်ရုံများ ရပ်နားထားရသဖြင့် စက်မှုလုပ်ငန်းကဏ္ဍ၏ ထုတ်လုပ်မှုမှာ မတ်လတွင် (၁၁.၈) ရာခိုင်နှုန်းနှင့် ဧပြီလတွင် (၁၈.၂) ရာခိုင်နှုန်းတို့ဖြင့် ကျဆင်းခဲ့သည်။ ကုန်ထုတ်လုပ်ငန်းအများစု ပြန်လည်ဖွင့်လှစ်ခဲ့သည့် မေလတွင် အကန့်အသတ်ဖြင့်သာ တိုးတက်ခဲ့ခြင်းကြောင့် စက်မှု ကုန်ထုတ်ကဏ္ဍ၏ ပြန်လည်နိုးထမှုသည်လည်း အကန့်အသတ်ရှိနိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ယူရိုဇုန်၏ စက်မှုကုန်ထုတ်လုပ်မှုမှာ (၂၀.၉) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရ သည်။ ယူရိုဇုန်ရှိ စက်ရုံများသည် ကာလရှည်စီးပွားရေးတိုးတက်မှုအပေါ် ယုံကြည်ချက်ဖြင့် စက်ပစ္စည်းကဲ့သို့သော ကုန်စည်များ ထုတ်လုပ်မှုတွင် (၂၅.၄) ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ယင်းတိုးတက်မှုမှာ ဧပြီလတွင် ထုတ်လုပ်မှုကျဆင်းခဲ့သည့် (၂၆.၁) ရာခိုင်နှုန်းထက် နိမ့်ကျနေဆဲ ဖြစ်သည်။

ယူရိုဇုန်နိုင်ငံများအနက် မတ်လနှင့် ဧပြီလတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရိုက်ခတ် မှုကြောင့် လုပ်ငန်းများရပ်ဆိုင်းထားခဲ့ရသည့် အီတလီနိုင်ငံ၏ စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုတွင် ပြန်လည်တိုးတက်မှုမှာ ကောင်းမွန်လျက်ရှိပြီး၊ ဧပြီလနှင့် နှိုင်းယှဉ်ချက်အရ မေလတွင် ထုတ်လုပ်မှု (၄၂.၁) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုသည် (၉.၇) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံသည် (၂၀) ရာခိုင်နှုန်းဖြင့်လည်းကောင်း တိုးတက် ခဲ့ကြောင်း သိရသည်။

ရင်းမြစ် –  (Eurostat, reuters)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading