ပြည်ပသတင်းများ

မိုဇမ်ဘစ်နိုင်ငံမှပဲများအား နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တင်သွင်းရာ ၌ အိန္ဒိယအစိုးရက စည်းကမ်းချက်များ သတ်မှတ်ခြင်း

အိန္ဒိယနိုင်ငံအစိုးရသည် အာဖရိကဒေသရှိ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ် သည့် မိုဇမ်ဘစ် နိုင်ငံနှင့် နှစ်နိုင်ငံအကြား ပဲမျိုးစုံဝယ်ယူမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ တစ်စောင်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅ နှစ်တာသက်တမ်းရှိသော ၎င်းနားလည်မှုစာချွန်လွှာ အရ ပဉ္စမမြောက်နှစ်ဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိုဇမ်ဘစ်နိုင်ငံမှ စိုက်ပျိုးထွက်ရှိ သော ပဲစင်းငုံနှင့် အခြားပဲများ စုစုပေါင်း တန်ချိန် ၂ သိန်းကို တင်သွင်းမည်ဖြစ်ပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁-၆-၂၀၂၀ နေ့၌ ကုန်သွယ်ရေးအသိပေးချက် No. 13/ 2020-2021 ကို ထုတ်ပြန်ကြေညာခဲ့ရာတွင် မိုဇမ်ဘစ်နိုင်ငံထံမှ အဆိုပါ ပဲစင်းငုံနှင့် အခြားပဲများ တန်ချိန် ၂ သိန်း အား အိန္ဒိယနိုင်ငံသို့ တင်သွင်းရာ၌ အောက်ပါစည်းကမ်းချက် များနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်-

(က) ပဲများအား Mumbai, Tuticorin, Chennai, Kolkata, Hazira ဆိပ်ကမ်း ၅ ခုမှ သာ တင်သွင်းရန်၊

(ခ)   တင်သွင်းလာမည့် ပဲများ၏ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificate of Origin – COO) အား မိုဇမ်ဘစ်နိုင်ငံအစိုးရမှ ထုတ်ပေးသည့် တံဆိပ်အမှတ်အသား ခတ်နှိပ်မှုနှင့်အတူ သက်ဆိုင်ရာ မိုဇမ်ဘစ်အာဏာပိုင် အဖွဲ့အစည်းဖြစ်သော ICM ဌာနမှ တာဝန်ရှိသူ၏ လက်မှတ်ရေးထိုးမှုပါရှိရမည်ဖြစ်ပြီး အထက်ပါဆိပ်ကမ်း များရှိ သက်ဆိုင်ရာ အကောက်ခွန်ဌာနနှင့် အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက် အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) တို့ထံ မိတ္တူပေးပို့ရန်၊

(ဂ)   ပဲတင်ပို့သည့် မိုဇမ်ဘစ်ပို့ကုန်လုပ်ငန်းရှင်၊ အိန္ဒိယနိုင်ငံဘက်မှ သွင်းကုန်လုပ်ငန်း ရှင်နှင့် တင်ပို့သည့်ပဲတန်ချိန်ပမာဏ စသည့်အချက်များနှင့်အတူ အဆိုပါပင်ရင်း နိုင်ငံသက်သေခံလက်မှတ်၏ ဓာတ်ပုံမိတ္တူအား မူလထုတ်ပေးသည့် မိုဇမ်ဘစ် အာဏာပိုင်အဖွဲ့အစည်းထံမှ အိန္ဒိယပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနထံ သို့ သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာမှတစ်ဆင့် တိုက်ရိုက်ပေးပို့ရန်၊

(ဃ) အိန္ဒိယနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်အနေဖြင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းစဉ် အတွက် ကန့်ကွက်ရန် မရှိကြောင်းလက်မှတ် (NOC) လျှောက်ထားရာ၌ အထက် အပိုဒ်ခွဲ (ဂ) ပါ လုပ်ငန်းစဉ်ကဲ့သို့ COO ဓာတ်ပုံမိတ္တူအား DGFT သို့ သတ်မှတ်ထား သည့် အီးမေးလ်လိပ်စာမှတစ်ဆင့် ပေးပို့ရန်။

သို့ဖြစ်ရာ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ မိုဇမ်ဘစ်နိုင်ငံထံမှ ပဲစင်းငုံနှင့် အခြားပဲများ တန်ချိန် ၂ သိန်းအားတင်သွင်းရာ၌ အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်မှ တင်ပြသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ဓာတ်ပုံမိတ္တူအား သက်ဆိုင်ရာနိုင်ငံရှိ အာဏာပိုင်အဖွဲ့အစည်းမှ တိုက်ရိုက်ပေးပို့သည့် အလားတူမိတ္တူနှင့် တိုက်ဆိုင် စစ်‌ဆေးပြီးမှသာလျှင် ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆိပ်ကမ်းရှိ အကောက်ခွန်ဌာနသည်လည်း DGFT ၏ ခွင့်ပြုချက်ရရှိမှသာ ဆိပ်ကမ်းရှင်းလင်းမှု လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပါသည်။

နေအေးလွင်

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:    Trade Notice No. 13/ 2020-2021 dated 1st Jun 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Loading