ပြည်ပသတင်းများ

၂၀၂၀ တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ယူရို (၉၂) ဘီလီယံ လျော့ကျနိုင်ခြင်း

၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ဘယ်လ်ဂျီယံနိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများတင်ပို့မှုသည် ယူရို (၉၂) ဘီလီယံခန့်ပမာဏအထိ ကျဆင်းနိုင်သည်ဟု ချေးငွေအာမခံ လုပ်ငန်းတစ်ခုဖြစ် သည့် Euler Hermes ၏ စစ်တမ်းအရ သိရှိရကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် ပို့ကုန်ကျဆင်းရန် အလားအလာရှိသည့်နိုင်ငံများတွင် အဆင့် (၁၂) နေရာ၌ ရပ်တည်နေကြောင်း၊ ပြည်ပကုန်သွယ်မှု အများဆုံးကျဆင်းရန် အလားအလာရှိသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ ဂျပန်နှင့် နယ်သာလန်နိုင်ငံများဖြစ်ကြကြောင်း သိရှိရပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာဖြင့် ကုန်စည်တင်ပို့မှုတွင် ထိခိုက်မှုအရှိဆုံး ကုန်စည် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍ (ယူရို ၆၆၇.၆ ဘီလီယံ)၊ သတ္တုကဏ္ဍ (ယူရို ၃၈၂.၅ ဘီလီယံ)၊ မော်တော်ယာဉ် (ယူရို ၂၄၅.၉ ဘီလီယံ) တို့ ဖြစ်ကြပြီး၊  Software & IT ကဏ္ဍ (ယူရို +၄၆.၄ ဘီလီယံ) နှင့် ဆေးဝါးကဏ္ဍ (ယူရို+၂၄.၆ ဘီလီယံ) တို့မှာ ပို့ကုန်တိုးတက်လာမည်ဟု Euler Hermes က ခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်မေလအစောပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ကုန်စည် နှင့် ဝန်ဆောင်မှုများ တင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်တွင် (၁၀.၆) ရာခိုင်နှုန်းဖြင့် ကျဆင်းမည်ဟု ဥရောပကော်မရှင်က ပြောကြားထားကြောင်း၊ သွင်းကုန်တင်သွင်းမှုသည်လည်း အလားတူ လျော့ကျမည်ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုမျှခြေရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Loading